International News

လုပ်သားအင်အားလိုအပ်ချက်ရှိနေသောလုပ်ငန်းများအတွက် အထောက်အကူပြုမည့် အစီအစဉ်ကို စင်ကာပူစီးပွားရေးလုပ်ငန်းအဖွဲ့ချုပ်က ဆောင်ရွက်

Last Updated:

          COVID - 19 ကူးစက်ပြန့်ပွားမှုကြောင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့တွင် လုပ်သားလိုအပ်ချက် ဖြစ်ပေါ်နေသည့်အခြေအနေကို အထောက်အကူပြုပေးနိုင်မည့် ယာယီအစီအစဉ်တစ်ခုကို စင်ကာပူစီးပွားရေးလုပ်ငန်းအဖွဲ့ချုပ် (Singapore Business Federation - SBF) က ၂ - ၃ - ၂၀၂၀ ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ယင်းအစီအစဉ်မှာ (၆) လကာလအတွက် ယာယီအစီအစဉ်ဖြစ်ပြီး၊ SBF က စင်ကာပူရှိ လုပ်သားအင်အား မလုံလောက်သည့်အခက်အခဲ ကြုံတွေ့နေရသော လုပ်ငန်းများအတွက် တရုတ် နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) လျှောက်ထားရရှိထားသည့်လုပ်သားများ၏ ပါမစ်များကို ပြန်လည်ရုပ်သိမ်းရန် စီစဉ် နေသောလုပ်ငန်းများနှင့် လုပ်သားအလွှဲအပြောင်းပြုလုပ်နိုင်ရန် ချိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ လုပ်ငန်းများအကြား လုပ်သားများလွှဲပြောင်းနိုင်ရန်အတွက် သင့်တော်သည့်လွှဲပြောင်းမှုအစီအမံကို သဘောတူရမည်ဖြစ်ပြီး၊ လုပ်သားများသည် လုပ်ငန်းကဏ္ဍတူညီသော အခြားလုပ်ငန်းတစ်ခုသို့သာ ပြောင်းရွှေ့လုပ်ကိုင် နိုင်မည်ဖြစ်ပါသည်။

        "SBF Manpower Connect" ဟု အမည်ပေးထားသည့် ယင်းဝန်ဆောင်မှုအစီအစဉ်ကို ပထမ လအတွင်း အခမဲ့ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်သော်လည်း နောက်ပိုင်းလများတွင် ဝန်ဆောင်ခနှုန်းထား သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်ကို ဆောင်ရွက်သွား ရန်ရှိကြောင်း SBF က စတင်ကြေညာခဲ့သည့် ၂၅ - ၂- ၂၀၂၀ ရက်နေ့မှစ၍ စုံစမ်းမေးမြန်းမှုများစွာကို လက်ခံရရှိခဲ့အတွက် ဤအစီအစဉ်ဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသော အခြေအနေကို ဖော်ပြနေကြောင်း၊ ယခုကဲ့သို့ ခက်ခဲမှုကြုံတွေ့နေရသောကာလတွင် လုပ်ငန်းများအတွက် လုပ်သာ ကိုင်သာရှိစေရေး ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားသည့်ကာလအတွင်း လုပ်ငန်းများအား ပံ့ပိုးပေးနိုင်ရန် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနနှင့် အနီးကပ်ပူးပေါင်းလျက် စောင့်ကြည့်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကိုလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် အထူးအလေးထား စီမံဆောင်ရွက်သွားကြရန်နှင့် သို့မှသာ ခက်ခဲသည့် ကာလကျော်လွန်ချိန်တွင် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို လျင်မြန်စွာ ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း SBF က တိုက်တွန်း လျက်ရှိပါသည်။

          SBF သည် လွှဲပြောင်းလုပ်ကိုင်နိုင်မည့် လုပ်သားများ၏ သတင်းအချက်အလက်များကို စုစည်းသွားမည်ဖြစ်ပါသည်။ လုပ်ငန်းများအကြား လုပ်သားများ လွှဲပြောင်းဆောင်ရွက်နိုင်ရန် ချိတ်ဆက်ပေးမှု အောင်မြင်ပါက လုပ်သားငှားရမ်းမည့်လုပ်ငန်းများသည် သဘောတူညီကြောင်း အထောက်အထားကို SBF သို့ တင်ပြရန်လိုအပ်ကြောင်း၊ ယင်းအထောက်အထားတင်ပြမှုအပေါ် SBF က အတည်ပြုလက်ခံပါက လုပ်သားငှားရမ်းမည့်လုပ်ငန်းများသည် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနသို့ Work Permit လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။    

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Business Times

Category: International News